Press Release

ဆင်းကတ်များမှတ်ပုံတင်ရန် ရက် ၄၀ သာကျန် - ရန်ကုန်နှင့် မန္တလေးရှိ ကမ္ဘောဇဘဏ်ခွဲများတွင် တယ်လီနော ဆင်းကတ်များ မှတ်ပုံတင်နိုင်ပြီ

20 February, 2017 - Yangon

 

 တယ်လီနော သုံးစွဲသူများ အနေဖြင့် ရန်ကုန်နှင့်မန္တလေးရှိကမ္ဘောဇဘဏ်ခွဲ ၄၀ တွင်တယ်လီနော ဆင်းကတ်များကိုယခုသီတင်းပတ်မှ စတင်ကာ မှတ်ပုံတင်နိုင်ပြီ ဖြစ်ပါသည်။ ထို့ပြင် အခြား ဒေသ များရှိ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲပေါင်း ၄၆ခုတွင်လည်း တယ်လီနော ဆင်းကတ်များကို မှတ်ပုံတင် နိုင်ရန် ၀န်ဆောင်မှု ပေးသွာမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ဆောင်ရွက်မှုမှာ တယ်လီနော သုံးစွဲသူများ သတ်မှတ်ရတ်အမှီ ဆင်းကတ်မှတ်ပုံတင်ခြင်းပြီးစီးစေရေး အထောက်အကူပြုရန် တယ်လီနောနှင့် ကမ္ဘောဇဘဏ်တို့၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှဆက်သွယ်ရေး၀န်ဆောင်မှုကုမ္ပဏီများအားလုံးကို၂၀၁၇ခုနှစ်မတ်လ၃၁ရက်နေ့မတိုင်မီသုံးစွဲသူများ၏ဆင်းကတ်များအားလုံးမှတ်ပုံတင်ထားရန်ညွှန်ကြားထားပါသည်။

“ဆင်းကတ်မှတ်ပုံတင်ဖို့ နောက်ဆုံးရက်ဟာ ရက်ပေါင်း ၄၀ ခန့်သာ ကျန်တော့တာမို့ တယ်လီနောအနေနဲ့ သုံးစွဲသူတွေ ပိုမိုအဆင်ပြေစေဖို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ကြံဆ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆင်းကတ်မှတ်ပုံတင်ထားတာကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို တယ်လီနော သုံးစွဲသူတွေ အပြည့်အ၀ ရရှိစေရအောင် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အခုလို ပူးပေါင်း ဆောင်ရွက်မှုက ထပ်လောင်းအားဖြည့်စေမှာ ဖြစ်ပါတယ်” ဟု တယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားသည်။

တယ်လီနော သုံးစွဲသူများအတွက် ဆင်းကတ်မှတ်ပုံတင်ခြင်း ၀န်ဆောင်မှုများ ပေးအပ်နေသည့် ကမ္ဘောဇဘဏ်ခွဲလိပ်စာ များကို https://www.telenor.com.mm/page/kbz-bank-branch-list/357တွင် ကြည့်ရှုပြီး အနီးဆုံး ဘဏ်ခွဲသို့သွားရောက် မှတ်ပုံတင်နိုင်ပါသည်။ မှတ်ပုံတင်ရန်အတွက် မှတ်ပုံတင်မည့် တယ်လီနော ဆင်းကတ်နှင့်အတူ နိုင်ငံသား စိစစ်ရေး မှတ်ပုံတင်ကတ် အပါအ၀င် အသိအမှတ်ပြု သက်သေခံ လက်မှတ်တစ်ခုခု (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်) တစ်ပါတည်း ယူဆောင်ပြီး အခမဲ့အလွယ်တကူ မှတ်ပုံတင်နိုင်ပါသည်။ ဆင်းကတ်လာရောက်မှတ်ပုံတင်သော သုံးစွဲသူများအတွက် ကမ္ဘောဇဘဏ်က iBanking နှင့် အပ်ငွေ ကျပ်၁၀၀၀ ပါ ငွေစုစာရင်းတို့ကို အခမဲ့ ဖွင့်လှစ်ပေးမည် လည်း ဖြစ်ပါသည်။

ဆင်းကတ်များကို မှတ်ပုံတင်ခြင်းမပြုမီ မိမိတို့ ဆင်းကတ်မှတ်ပုံတင်ထားရှိမှု အခြေအနေကို ကြိုတင် စစ်ဆေးကြပါရန်လည်း တယ်လီနောက တိုက်တွန်းအပ်ပါသည်။မှတ်ပုံတင်ထားရှိမှု အခြေအနေကို *979*3*3# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ ၅၀၀ သို့ REG ကို စာတိုပို့၍ဖြစ်စေ စစ်ဆေးနိုင်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေကို စာတိုပြန်လည် ပေးပို့ အကြောင်း ကြား ပေးမည် ဖြစ်ပါသည်။ ဆင်းကတ် မှတ်ပုံတင်ထားကြောင်း အကြောင်းပြန်စာတို ရရှိသော် လည်း ဆင်းကတ်မှတ်ပုံတင်ထားသည့် နိုင်ငံသားစိစစ်ရေးအမှတ်မှာ မိမိကိုင်ဆောင်သည့် အမှတ်မဟုတ်သဖြင့် မိမိကိုယ်ပိုင် အမည်ဖြင့် ပြောင်းလဲ မှတ်ပုံတင်လိုပါက နိုင်ငံတစ်၀ှမ်းရှိ တယ်လီနော၏ showroom များတွင် သွားရောက် ဆောင်ရွက်နိုင်ပါသည်။

ဆင်းကတ်များ မှတ်ပုံတင်ရန်မှာ ဥပဒေကြောင်းအရပြဌာန်းသတ်မှတ်ချက်တစ်ခု ဖြစ်ပြီး ဆင်းကတ်ကို မှတ်ပုံတင်ထားခြင်း ဖြင့် သုံးစွဲသူများအနေနှင့် မိုဘိုင်းမှတစ်ဆင့် ဆောင်ရွက် နိုင်သော ငွေရေး ကြေးရေး ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်ပြီး ဆင်းကတ်ပျောက်ဆုံးခြင်း သို့မဟုတ် ဝန်ဆောင်မှု ဆိုင်ရာ ပြဿနာများ ရှိလာပါက ဖြေရှင်းနိုင် သည့် အကျိုးကျေးဇူးများကို ရရှိကြမည် ဖြစ်ပါသည်။

ဆင်းကတ်များကို မှတ်ပုံတင်ထားခြင်းမရှိပါကနိုင်ငံတော်အစိုးရကချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိသည့်အတွက်သက်ဆိုင်ရာဆက်သွယ်ရေး၀န်ဆောင်မှုကုမ္ပဏီများမှ ပေးအပ်ထားသောမိုဘိုင်းဆက်သွယ်ရေး၀န်ဆောင်မှုများ ပြတ်တောက်သွားမည် ဖြစ်ပြီးဆင်းကတ်မှတ်ပုံတင်ပြီးမှသာ၀န်ဆောင်မှုများ ပြန်လည်ရရှိမည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor