Press Release

ဆင်းကတ်များမှတ်ပုံတင်ရန်၁၅ရက်သာကျန် - တယ်လီနောသုံးစွဲသူများအမြန်ဆုံးဆင်းကတ်မှတ်ပုံတင်ထားကြပါရန် ထပ်မံတိုက်တွန်း

16 March, 2017 - Yangon

  • တယ်လီနောသုံးစွဲသူ၈၀% ကျော်ဆင်းကတ်မှတ်ပုံတင်ပြီးဖြစ်
  • ဆင်းကတ်များကိုမှတ်ပုံတင်ထားခြင်းမရှိပါကနိုင်ငံတော်အစိုးရကချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိသည့်အတွက်မိုဘိုင်းဆက်သွယ်ရေး၀န်ဆောင်မှုများ ပြတ်တောက်မှုရှိမည် ဖြစ်

ဆင်းကတ်မှတ်ပုံတင်ရန် သီတင်းပတ် ၂ ပတ်သာကျန်ရှိတော့သည့်အတွက်မိမိတို့၏ ဆင်းကတ်များကိုမှတ်ပုံတင်ထားရှိကြပါရန် သုံးစွဲသူများကိုတယ်လီနောကထပ်မံတိုက်တွန်းလိုက်ပါသည်။ လက်ရှိတွင် တယ်လီနောသုံးစွဲသူစုစုပေါင်း၏ ၈၀% ကျော်မှာဆင်းကတ်မှတ်ပုံတင်ပြီးစီးပြီး ဖြစ်ပါသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှဆက်သွယ်ရေး၀န်ဆောင်မှုကုမ္ပဏီများအားလုံးကို၂၀၁၇ခုနှစ်မတ်လ၃၁ရက်နေ့မတိုင်မီသုံးစွဲသူများ၏ဆင်းကတ်များအားလုံးမှတ်ပုံတင်ထားရန်ညွှန်ကြားထားပါသည်။

“အခုကျန်ရှိတဲ့ သီတင်း ၂ ပတ်အတွင်းမှာမှတ်ပုံမတင်ရသေးတဲ့ သုံးစွဲသူတွေ အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန် ဆင်းကတ် မှတ်ပုံတင်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖေ့စ်ဘွခ်နဲ့ဗိုက်ဘာကိုလာအများစုကအသုံး ပြုကြတာမို့ ဖေ့စ်ဘွခ်ချက်ဘောက်စ်နဲ့ ဗိုက်ဘာဖုန်းနံပါတ် ၃၅ ခုကနေလည်းအခုလဆန်းကစပြီးဆင်းကတ်မှတ်ပုံတင်လို့ ရအောင် ဆောင်ရွက်ထားပေးပါတယ်။ အွန်လိုင်းကိုအသုံးပြုဖို့ မနီးစပ်သူတွေအနေနဲ့လည်း နိုင်ငံတစ်၀ှမ်းက နီးစပ်ရာနေရာတွေမှာဆင်းကတ်မှတ်ပုံတင်နိုင်ပါတယ်။ မှတ်ပုံမတင်ရသေးတဲ့ သုံးစွဲသူတွေအနေနဲ့ အမြန်ဆုံးဆင်းကတ်မှတ်ပုံတင် ထားကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်”ဟုတယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Joslin Myrthong က ပြောကြားသည်။

တယ်လီနောသည် လက်ရှိတွင် သုံးစွဲသူများအတွက် ဆင်းကတ်မှတ်ပုံတင်ရန် အွန်လိုင်းနှင့် ကိုယ်တိုင်သွားရောက် မှတ်ပုံတင် ရသည့် နည်းလမ်း ၉ သွယ်ကိုဆောင်ရွက်ပေးထားပြီး ဖြစ်ပါသည်။ အွန်လိုင်းမှဆိုပါက၀က်ဘ်ဆိုက် (http://ecaf.telenor.com.mm)၊ My Telenor app (http://bit.ly/mytelenor24)၊ Facebook (https://www.facebook.com/TelenorMyanmar)၊ Viber(၀၉၇၉၀၁၁၃၂၅၂ မှ ၃၂၆၁ အထိ၊ ၀၉၇၉၀၂၈၅၄၆၆ မှ ၅၄၉၀ အထိ၊ ၀၉၇၉၀၁၃၄၇၃၈) နှင့် အီးမေးလ် (reg@telenor.com.mm) တို့တွင် ကိုယ်တိုင်လွယ်ကူစွာ ၂၄ နာရီပတ်လုံးမှတ်ပုံတင်ရန် စာရင်းသွင်းနိုင်ပါသည်။

သွားရောက်မှတ်ပုံတင်နိုင်သည့် နိုင်ငံတစ်၀ှမ်းရှိ နေရာများမှာကမ္ဘောဇဘဏ်ခွဲပေါင်း ၈၆ ဘဏ်၊ ဆင်းကတ် လက်လီအရောင်းဆိုင်ပေါင်း၄၂,၀၀၀ ကျော်၊ တယ်လီနောshowroom ၉၀ ခန့်၊ တယ်လီနောအလင်းအိမ်စင်တာများ၏ ဆင်းကတ် မှတ်ပုံတင် သင်တန်းများနှင့် ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ ဖြစ်ကြပါသည်။ ဆင်းကတ်မှတ်ပုံတင်ခြင်း ပြီးမြောက်ရန် ရက်အနည်းငယ်ကြာမြင့်မည် ဖြစ်သည့်အတွက် ဆင်းကတ်မှတ်ပုံတင်ရန် စာရင်းပေးသွင်းပြီးသောသုံးစွဲသူများအနေဖြင့်လည်းစောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံပါသည်။ ဆင်းကတ်မှတ်ပုံတင်မည့် သူများအနေဖြင့်လည်းဆင်းကတ်များကိုမှတ်ပုံတင်ခြင်းမပြုမီမိမိတို့ ဆင်းကတ် မှတ်ပုံတင်ထားရှိမှု အခြေအနေကို ကြိုတင် စစ်ဆေးကြပါရန် တယ်လီနောကတိုက်တွန်းအပ်ပါသည်။ မှတ်ပုံတင်ထားရှိမှု အခြေအနေကို *979*3*3# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ ၅၀၀ သို့ REG ကိုစာတိုပို့၍ဖြစ်စေစစ်ဆေးနိုင်ပြီးဆောင်ရွက်ထားရှိမှု အခြေအနေကိုစာတိုပြန်လည် ပေးပို့ အကြောင်း ကြားပေးမည် ဖြစ်ပါသည်။ ဆင်းကတ် မှတ်ပုံတင်ထားကြောင်းအကြောင်းပြန်စာတိုရရှိသော် လည်းဆင်းကတ် မှတ်ပုံတင်ထားသည့် နိုင်ငံသားစိစစ်ရေးအမှတ်မှာမိမိကိုင်ဆောင်သည့် အမှတ်မဟုတ်သဖြင့် မိမိကိုယ်ပိုင် အမည်ဖြင့် ပြောင်းလဲမှတ်ပုံတင်လိုပါက နိုင်ငံတစ်၀ှမ်းရှိ တယ်လီနော၏ showroom များတွင် သွားရောက် ဆောင်ရွက် နိုင်ပါသည်။ ဆင််းကတ်များမှတ်ပုံတင်ရန်မှာဥပဒေကြောင်းအရပြဌာန်းသတ်မှတ်ချက်တစ်ခု ဖြစ်ပြီးဆင်းကတ်ကိုမှတ်ပုံတင်ထားခြင်း ဖြင့်သုံးစွဲသူများအနေနှင့်မိုဘိုင်းမှတစ်ဆင့်ဆောင်ရွက်နိုင်သောငွေရေးကြေးရေးဝန်ဆောင်မှုများကိုလုံခြုံစိတ်ချစွာအသုံးပြုနိုင်မည် ဖြစ်ပြီးဆင်းကတ်ပျောက်ဆုံးခြင်းသို့မဟုတ်ဝန်ဆောင်မှုဆိုင်ရာ ပြဿနာများရှိလာပါကဖြေရှင်းနိုင်သည့်အကျိုးကျေးဇူးများကိုရရှိကြမည် ဖြစ်ပါသည်။

ဆင်းကတ်များကိုမှတ်ပုံတင်ထားခြင်းမရှိပါကနိုင်ငံတော်အစိုးရကချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိသည့်အတွက်သက်ဆိုင်ရာဆက်သွယ်ရေး၀န်ဆောင်မှုကုမ္ပဏီများမှပေးအပ်ထားသောမိုဘိုင်းဆက်သွယ်ရေး၀န်ဆောင်မှုများ ပြတ်တောက်သွားမည် ဖြစ်ပြီးဆင်းကတ်မှတ်ပုံတင်ပြီးမှသာ၀န်ဆောင်မှုများ ပြန်လည်ရရှိမည် ဖြစ်ပါသည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor