Press Release

စကင်ဒီနေးဗီးယန်းဒေသ၏ ပထမဆုံး 5G ရှေ့ပြေးစမ်းသပ်ချက်အား တယ်လီနော လုပ်ငန်းစု စတင်

13 November, 2018 - Yangon

  • 5G ကွန်ရက်သည် ဒေါင်းလုတ်ဒ် အမြန်နှုန်း ၁ - ၁၀ Gbps အထိ ထောက်ပံ့ပေးနိုင်မည် ဖြစ်
  • 5G ရှေ့ပြေးစမ်းသပ်ချက်များအား အခြားနေရာများတွင် ၂၀၁၉ ခုနှစ်အတွင်း ဆက်လက်တိုးချဲ့သွားမည် ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် တရားဝင် မိတ်ဆက်သွားမည်

နော်ဝေနိုင်ငံတွင် စတင်အသုံးပြုသွားရန် ရည်ရွယ်ထားသည့် (5G) နည်းပညာအတွက် စကင်ဒီနေးဗီးယန်းဒေသ၏ ပထမဦးဆုံးသော ရှေ့ပြေးစမ်းသပ်ချက်အား နိုဝင်ဘာလ ၈ ရက်နေ့ တွင် တယ်လီနောလုပ်ငန်းစုက စတင် လုပ်ဆောင်ခဲ့သည်။ နော်ဝေနိုင်ငံ၏ ဆက်သွယ်ရေးသမိုင်းတွင် အထင်ကရ မှတ်တိုင် တစ်ခုဖြစ်လာမည့် အဆိုပါရှေ့ပြေးစမ်းသပ်ချက်အား နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အစည်း အဝေးတစ်ခု ဖြစ်သည့် Kongsberg Summit တွင် စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မိုဘိုင်းကွန်ရက်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ယခင်အချိန်ကာလများနှင့် နှိုင်းယှဉ်ပါက အလွန်လျင်မြန်စွာ တိုးတက် ပြောင်းလဲလျက်ရှိပြီး ၁၉၈၁ ခုနှစ်တွင် analogue NMT (1G) နည်းပညာအား စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ အကြမ်းဖျင်းအားဖြင့် ဆယ်စုနှစ်တစ်ခုလျှင် နည်းပညာမျိုးဆက်တစ်ခု အသစ်ထပ်မံထွက်ပေါ်လာမြဲ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် တယ်လီနောသည် 4G နှင့် 4G+ နည်းပညာအား မရှေးမနှောင်းပင် မိတ်ဆက်ခဲ့ပြီး Ookla ၏ Speedtest တိုင်းတာချက်အရ တယ်လီနောသည် လက်ရှိတွင် ကမ္ဘာပေါ်၌ အမြန်ဆန်ဆုံးသော မိုဘိုင်းကွန်ရက်အား ပိုင်ဆိုင်ထားသည်။

“ကျွန်တော်တို့အနေနဲ့ 5G နည်းပညာအတွက် အချိန်အကြာကြီး ပြင်ဆင်ထားတာဖြစ်ပြီး အခုအချိန်မှာတော့ Kongsberg လို နည်းပညာဖွံ့ဖြိုးပြီးသား မြို့တစ်မြို့က မိသားစုတွေ၊ စီးပွားရေးလုပ်ငန်းတွေကို 5G နည်းပညာကို စတင်မျှဝေပေးနိုင်ခဲ့ပြီဖြစ်လို့ အရမ်းကို ဝမ်းမြောက်မိပါတယ်။ 5G ဟာမျိုးဆက်သစ် မိုဘိုင်းကွန်ရက် တစ်ခုဆိုတာ ထက် ပိုပါတယ်။ ဒီနည်းပညာကတဆင့် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍတွေမှာ ပိုမို ကောင်းမွန်တဲ့ အလားအလာများစွာကို ဖန်တီးနိုင်ရုံသာမက အခြားလုပ်ငန်းကဏ္ဍနယ်ပယ်ပေါင်းစုံကိုလည်း ပိုမို ကောင်းမွန်တိုးတက်လာအောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ စကင်ဒီနေးဗီးယန်းဒေသ၊ Kongsberg မြို့မှာ အခု စတင်လုပ်ဆောင်ခဲ့တဲ့ ပထမဦးဆုံး 5G ရှေ့ပြေးစီမံချက်နဲ့အတူ ကျွန်တော်တို့အနေနဲ့ နော်ဝေနိုင်ငံတွင်းမှာသာမကပဲ တယ်လီနောရဲ့ အခြားသောစျေးကွက်တွေမှာပါ ဒစ်ဂျစ်တယ်နည်းပညာကို ပိုမိုအသုံးပြုလာနိုင်စေဖို့ ကူညီဆောင်ရွက် ပေးသွားနိုင်မယ့် လိုက်လျောညီထွေရှိတဲ့ စွမ်းဆောင်ရည်တွေကို ရရှိသွားနိုင်ပြီ ဖြစ်ပါတယ်” ဟု တယ်လီနော လုပ်ငန်းစုနှင့် ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sigve Brekke က ပြောကြားသည်။

telenor_myanmar_5g_pilot

တယ်လီနော၏ ဤ 5G နည်းပညာ ရှေ့ပြေးစမ်းသပ်ချက်နှင့်အတူ Kongsberg မြို့တွင် မှီတင်းနေထိုင်သူအချို့သည် ၂၀၁၉ ခုနှစ်မတိုင်မီအထိ 5G နည်းပညာအား စတင်စမ်းသပ်အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး အသုံးပြုသူများ ထပ်မံ ဆက်လက်တိုးချဲ့ ဖြန့်ကျက်သွားမည်ဖြစ်သည်။ အဆိုပါ 5G နည်းပညာသည် ပျှမ်းမျှအားဖြင့် ဒေါင်းလုတ်ဒ် အမြန်နှုန်း ၁ Gbps မှ ၁၀ Gbps အထိပေးအပ်နိုင်မည်ဖြစ်သည့်အတွက် 4G နည်းပညာထက် များစွာ ပိုမိုမြန်ဆန်သွားမည် ဖြစ် သည်။

တယ်လီနောမြန်မာအနေဖြင့်လည်း Ericsson နှင့်ပူးပေါင်းပြီး အင်တာနက်မြန်နှုန်း စမ်းသပ်မှုတစ်ရပ်ကို ၂၀၁၈ ခုနှစ် ဧပြီလက လုပ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံတွင် အမြင့်ဆုံးမြန်နှုန်းစံချိန်သစ်ဖြစ်သည့် တစ်စက္ကန့်လျှင် ၁ Gb အထိ ရရှိခဲ့ သည်။ တယ်လီနောနှင့် Ericsson တို့အနေနှင့် Gigabit LTE နည်းပညာအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး မြန်မာ နိုင်ငံသည် 5G နည်းပညာအတွက် အဆင့်သင့်ဖြစ်နေပြီ ဆိုသည့်အချက်အား ဤမြန်နှုန်းစမ်းသပ်မှုမှတဆင့် ပြသ နိုင်ခဲ့သည်။

“ဒီလို သမိုင်းတွင်တဲ့ 5G နည်းပညာ ရှေ့ပြေးစီမံချက်ကို Kongsberg မြို့မှာ စတင်လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် အရမ်းကို ဝမ်းသာမိပါတယ်။ 5G နည်းပညာဟာ ယာဉ်အသွားအလာစီမံခန့်ခွဲမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစရှိတဲ့ အရေးပါတဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ၊ နောက်ပြီး အရေးပေါ် ဆက်သွယ်ရေးကွန်ရက်အစရှိတဲ့ အရေးကြီး ဆက်သွယ်ရေးဝန်ဆောင်မှုတွေအတွက် ဖြေရှင်းချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီ ရှေ့ပြေးစီမံချက် ပြီးတဲ့ နောက်မှာလည်း တယ်လီနောအနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ နောက်ထပ်ရှေ့ပြေးစီမံချက်တွေကို အခြား နေရာဒေသ အများအပြားမှာ ဆက်လက်တိုးချဲ့လုပ်ဆောင်သွားမှာဖစ်ပြီး ၂၀၂၀ ခုနှစ်မှာ 5G နည်းပညာကို တရားဝင် မိတ်ဆက် သွားနိုင်ဖို့အတွက်လည်း တဖြည်းဖြည်းချင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဆန်းသစ်တဲ့ ဒီ 5G နည်းပညာဟာ အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝတွေကို ရှုထောင့်မျိုးစုံကနေ သိသိသာသာ ပြုပြင်ပြောင်းလဲပေးသွားနိုင်မှာဖြစ်တဲ့ အတွက် ဒီအချက်ဟာ မြန်မာနိုင်ငံအပါအဝင် တယ်လီနောရဲ့ အခြားသောစျေးကွက်တွေအတွက် သတင်းကောင်း တစ်ရပ် ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

4G နှင့် နှိုင်းယှဉ်ပါက 5G နည်းပညာသည် များစွာပို၍ ခေတ်မီဆန်းသစ်သော နည်းပညာတစ်ခု ဖြစ်ပြီး ပိုမိုကောင်းမွန် သော လုပ်ဆောင်နိုင်စွမ်း၊ ပိုမိုမြန်ဆန်သော အမြန်နှုန်းနှင့် တုံ့ပြန်နိုင်စွမ်းများကို ပေးအပ်နိုင်မည် ဖြစ်သည်။ ထို့အပြင် 5G နည်းပညာမှတဆင့် အသုံးပြုသူများသည် ၎င်းတို့ ယခင်က တွေ့ကြုံဖူးခြင်း မရှိသည့် လုပ်ဆောင်ချက်အသစ်များ၊ ဝန်ဆောင်မှုအသစ်များအား ရယူအသုံးပြုသွားနိုင်မည် ဖြစ်သည့်အပြင် အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်း ဟန်းဆက်များမှတဆင့် ဖိုင်ဘာကွန်ရက် ဆက်သွယ်ရေး အမြန်နှုန်းများအား ရယူအသုံး ပြုသွားနိုင်မည် ဖြစ်သည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor