Press Release

ကျောင်းသား/သူပေါင်း ၂၅,၀၀၀ ခန့်အား သင်ကြားပေးသွားမည့် နွေရာသီ ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းများ နိုင်ငံတဝန်းတွင် စတင်ဖွင့်လှစ်

08 March, 2018 - Yangon

 

  • ကွန်ပျုတာ အခြေခံနှင့် ဘေးကင်းသည့် အင်တာနက် အသုံးပြုမှုဆိုင်ရာ သင်တန်းများကို နိုင်ငံတဝန်းရှိ ကျောင်းသား/သူများ အား သင်ကြားပေးမည်
  • အနာဂတ်တွင် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုများကို နှစ်စဉ် လူငယ်ပေါင်း ၁၀၀,၀၀၀ ခန့်အား သင်ကြားပေးနိုင်ရန် ရည်ရွယ်

 

နိုင်ငံတဝန်းရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူ ပေါင်း ၂၅,၀၀၀ ခန့်အား ကွန်ပျူတာ အခြေခံကျွမ်းကျင်မှုနှင့် အင်တာနက်အား ဘေးကင်းစွာ အသုံးပြုနိုင်မည့်အချက်များ အား နွေရာသီကျောင်းပိတ်ရက်တွင် သင်ကြားပေးသွားမည့် ဒစ်ဂျစ်တယ် နည်းပညာသင်တန်းများအား တယ်လီနော မြန်မာနှင့် ၎င်း၏ မိတ်ဘက်အဖွဲ့အစည်းများက ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
အဆိုပါ နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာသင်တန်းများ ဖွင့်ပွဲအခမ်းအနားအား နေပြည်တော်တွင် ယနေ့ကျင်းပပြုလုပ်ခဲ့ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲနှင့်အတူ တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Lars Erik Tellmann နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံတွင်း ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သွားမည့် အဆိုပါ နွေရာသီဒစ်ဂျစ်တယ်နည်းပညာသင်တန်းများသည် ကျေးလက်နှင့်မြို့ပြအကြား ဒစ်ဂျစ်တယ် နည်းပညာ တတ် မြောက်မှု ကွာဟချက်ကို လျော့ကျသွားစေရန် ဆောင်ရွက်နေသည့် တယ်လီနောမြန်မာ၏ လူထုအကျိုးပြု စီမံကိန်းများ အနက် တစ်ခု ဖြစ်သည်။ ဤ စီမံကိန်းကို ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ပြီး KMD, Ericsson, Irrawaddy Green Towers နှင့် Myanmar ICT for Development Organization (MIDO) တို့က ပူးပေါင်းပါဝင် ထောက်ပံ့ပေးထားသည်။

“တယ်လီနောအနေနဲ့ မြန်မာနိုင်ငံတွင်း ဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှု ပိုမိုကောင်းမွန်လာဖို့ စွမ်းစွမ်းတမံ ကူညီ ဆောင်ရွက်နေခဲ့သလို အခုလည်း နွေရာသီဒစ်ဂျစ်တယ် နည်းပညာသင်တန်းကျောင်းတွေကနေတဆင့် နိုင်ငံတော်အစိုးရ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပညာရေးကဏ္ဍတိုးတက်မြင့်မားလာစေဖို့နဲ့ ရေရှည်တည်တ့ံခိုင်မြဲတဲ့ လူမှုစီးပွားရေး ဖွံွ့ဖြိုး တိုးတက်မှုတွေမှာ တစ်စိတ်တစ်ပိုင်း အကူအညီပေးသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီအစီအစဉ်ဟာ အရွယ်သေးငယ်ပေမယ့် ကျောင်းသားကျောင်းသူတွေ ဒစ်ဂျစ်တယ်နည်းပညာနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာရေး အကူအညီပေးသွား နိုင်မှာဖြစ်ပြီး ရေရှည်မှာ မြန်မာနိုင်ငံတဝန်း ပြည်နယ်နှင့်တိုင်းအသီးသီးက ဒစ်ဂျစ်တယ်နည်းပညာ တတ်မြောက်မှု ကွာဟ ချက်ကိုလျော့ချနိုင်ဖို့ ကြိုးပမ်းမှုကိုလည်း တစ်စိတ်တစ်ပိုင်း အကူအညီပေးသွားနိုင်မှာဖြစ်ပါတယ်”ဟု တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Mr. Lars Erik  Tellmann က ပြောကြားသည်။
ထို့အပြင် နိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်သို့ လျှောက်လှမ်းရမည့် လမ်းစဉ်တွင် ဒစ်ဂျစ်တယ် နည်းပညာ တတ်မြောက်မှုနှင့် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုတို့သည် အဓိကကျသော အခြေခံ အုတ်မြစ်များ ဖြစ်ကြောင်း ဖေဖော်ဝါရီလက ပထမဆုံး ထုတ်ဝေ ခဲ့သည့် မြန်မာဒစ်ဂျစ်တယ်အစီရင်ခံစာတွင် ဖော်ပြထားသည့်အချက်များအား မှီငြမ်း၍ Mr. Tellmann က ထပ်ဆောင်း ပြောကြားသည်။
“ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်အတွက် ရှေ့ဆက်ရမယ့်လမ်းစဉ်ကို တယ်လီနောအနေနဲ့ အကြံပြုထားပါတယ်။ လူထုတစ်ရပ်လုံးရဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ တတ်မြောက်မှု ပိုမိုအားကောင်းလာစေဖို့အတွက် သီးသန့်သင်ကြားပေးတဲ့ သင်တန်းတွေကနေတဆင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာ တတ်မြောက် မှု သင်တန်းတွေကို တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ နိုင်ငံတဝန်းက KMD ကွန်ပျုတာ လေ့ကျင့်ရေးစင်တာ တွေမှာ ဖွင့်လှစ်သွားမယ့် ကျွန်တော်တို့ရဲ့ နွေရာသီဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှု သင်တန်းတွေဟာ မြန်မာနိုင်ငံ အတွင်း ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှု ပိုမိုအားကောင်းလာစေဖို့အတွက် အကောင်းမွန်ဆုံးနဲ့ လက်တွေ့အကျဆုံး ဥပမာ တစ်ခု ဖြစ်ပြီး ဒီအစီအစဉ်ကို အနာဂတ်မှာ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
တယ်လီနောမြန်မာသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်သို့ လျှောက်လှမ်းရမည့် လမ်းစဉ်တွင် လိုအပ်သော အခြေခံ အုတ်မြစ်များအား တည်ဆောက်နိုင်စေရေး အထောက်အကူပြုမည့် စီမံကိန်းများကို ၎င်း၏ လူမှုအကျိုးပြု စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်လျက်ရှိသည်။ ၎င်း၏ အလင်းအိမ် ဒစ်ဂျစ်တယ်နည်းပညာ ဖွ့ံဖြိုးရေးစင်တာများသည် လက်ရှိ တွင် ကျောင်းသားကျောင်းသူပေါင်း ၁၀၀,၀၀၀ နီးပါးအား စမတ်ဖုန်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းများ သင်ကြားပေး ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ ‘ဘေးကင်းသော အင်တာနက်’ အစီအစဉ်များမှတဆင့် အင်တာနက်အား အကျိုးရှိစွာနှင့် ဘေးကင်းစွာ မည်သို့ အသုံးပြုရမည်ဆိုသည့် အချက်များကို ကျောင်းသားကျောင်းသူပေါင်း ၁၃၀,၀၀၀ ကျော်အား သင်ကြားပေးခဲ့ပြီး ဖြစ်သည်။
တယ်လီနောသည် နိုင်ငံတဝန်းရှိ မြို့ကြီးများနှင့် မြို့နယ်ပေါင်း ၁၃၀ နီးပါးကို မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံးသော 4G ကွန်ရက်နှင့် လွှမ်းခြုံထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် အကျယ်ပြန့်ဆုံးသော မိုဘိုင်းကွန်ရက်မှတဆင့် သုံးစွဲသူပေါင်း ၁၉ သန်းကျော်အား ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည့် တယ်လီနောသည် မိုဘိုင်းဆက်သွယ်ရေး၏ အကျိုးကျေးဇူး များအား လူဦးရေများနိုင်သမျှ များများရရှိခံစားနိုင်စေရမည် ဟူသည့် ရည်မှန်းချက်အား ထားရှိဆောင်ရွက်လျက်ရှိသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor