Press Release

ကျောင်းပြင်ပ ပညာသင်ကြားရေး အစီအစဉ်များကို တိုးချဲ့ ပေးအပ်နိုင်ရန် တယ်လီနော နှင့် MyME တို့ ဆက်လက် ပူးပေါင်း

27 February, 2017 - Yangon

  • ၂၀၁၇ ခုနှစ်အတွင်း ကျောင်းသားကျောင်းသူ အရေအတွက် ၂၅၀၀ အား ပညာသင်ကြားပေးရန် ရည်ရွယ်ထား 

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) နှင့် မြန်မာရွေ့လျား ပညာ သင်ကြားရေး စီမံကိန်း (MyME) တို့သည် လက်ဖက်ရည်ဆိုင်များတွင် လုပ်ကိုင်နေကြသည့် ကလေးငယ်များအတွက် ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ်များကို ၂၀၁၇ ခုနှစ်အတွင်း ဆက်လက်ပေးအပ်သွားမည့် သဘောတူညီချက် တစ်ရပ်အား ဖေဖော်၀ါရီလ ၂၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါ တစ်နှစ်ကြာမြင့်မည့် သဘောတူညီချက်အရ ရန်ကုန်နှင့် မန္တလေးမြို့များရှိ တယ်လီနော အမှတ်တံဆိပ် လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေသော အသက် ၁၄ နှစ်နှင့် ၁၆ နှစ်ကြားရှိ ကလေးငယ်များနှင့် အနီး၀န်းကျင်ရှိ ယင်း အသက်အရွယ် ကလေးငယ်များအား ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ်များ ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါသည်။

“ဒီပူးပေါင်းဆောင်ရွက်မှုကနေပြီး လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကလေးငယ်တွေကို ဆက်လက် ကူညီမှုတွေ ပြုလုပ်သွားနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အရမ်းကိုဝမ်းသာမိပါတယ်။ နောက်ပြီး MyME အနေနဲ့ လည်း မပြည့်စုံတဲ့ ကလေးငယ်တွေကို အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိ ပိုင်ဆိုင်နိုင် စေဖို့ ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာသင်ကြားမှုတွေကို ပေးအပ်နေတယ်လို့ သိရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Lars Erik Tellmann ကပြောကြားခဲ့ပါသည်။

 

တယ်လီနောအနေနှင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ တယ်လီနော အမှတ်တံဆိပ် တပ်ဆင်ထားသည့် လက်ဖက်ရည်ဆိုင် များတွင် ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ်များ ပေးအပ်မည့် MyME၏ စီမံကိန်းကို ၂၀၁၄ နိုဝင်ဘာလ ကတည်း က စတင်၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။ တယ်လီနောသည် MyME ဝန်ထမ်းများအားလုံး၏ လစာများကို ကူညီထောက်ပံ့ထားပြီး ရွေ့လျားစာသင်ခန်းအဖြစ် အသုံးပြုနိုင်ရန် ဘတ်(စ်)ကားတစ်စီး၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အကြိုအပို့များအတွက် မော်တော်ယာဉ်များ၊ ကွန်ပျူတာများနှင့် အခြား ကျောင်းသုံးပစ္စည်း ကိရိယာများကိုလည်း ကူညီထောက်ပံ့ပေးထားပါသည်။

“ကျောင်းပညာ မသင်ကြားရတဲ့ ကလေးငယ်တွေနဲ့ အလုပ်လုပ်ကိုင်နေရတဲ့ ကလေးငယ်တွေအတွက် ကျွမ်းကျင် လုပ်ငန်း ဆိုင်ရာ ပညာသင်ကြားမှုတွေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ကြားပေးတယ်ဆိုတာ အထူး သဖြင့် မြန်မာနိုင်ငံရဲ့ ဒီလို သမိုင်းဝင် အကူးအပြောင်းကာလမှာ လူတိုင်း ဆောင်ရွက်နိုင်တဲ့ အရေးအပါဆုံးနဲ့ လက်တွေ့ အကျဆုံး ကူညီဖေးမမှုပဲ ဖြစ်ပါတယ်။ MyME ရဲ့စီမံကိန်းတွေမှာ ကျွန်တော်တို့ လုပ်ဆောင်နေတာကလည်း ဒီလို ကူညီဖေးမမှုတွေပဲ ဖြစ်ပြီး ဒါကလည်း ကျွန်တော့်အနေနဲ့ ပြည်ပမှာ ၂၅ နှစ်ကြာ နေထိုင်ပြီးမှ အမိနို်င်ငံကို ပြန်လာခဲ့တဲ့ အဓိက အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ တယ်လီနော အနေနဲ့လည်း ရည်ရွယ်ချက်ကောင်းကောင်းနဲ့ သေသေချာချာ စဉ်းစားစီမံပြီး ပြီးခဲ့တဲ့ ၃ နှစ်တာကာလလုံးလုံး အခုလို လုပ်ငန်းတွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်” ဟု MyME တည်ထောင်သူ Tim Aye-Hardy က ပြောကြားခဲ့ပါသည်။

MyME ၏ ကျောင်းပြင်ပ ပညာသင်ကြားရေး


မြန်မာရွေ့လျားပညာသင်ကြားရေးစီမံကိန်း (MyME) အား ‘မြန်မာနိုင်ငံအတွက် စစ်မှန်သော ပြောင်းလဲမှုသည် ပညာရေးမှ စတင်သည်’ ဟုယုံကြည်သော မြန်မာနိုင်ငံနှင့် နယူးယောက်မြို့ရှိ လူပုဂ္ဂိုလ် အနည်းငယ်မှ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ MyME သည် လက်ရှိတွင် မြန်မာနိုင်ငံ မြို့များရှိ လက်ဖက်ရည်ဆိုင်များ၊ လမ်းဘေး စားသောက်ဆိုင်များ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် မပြည့်စုံသော လူမှုအသိုင်းအဝန်းများမှ ကလေးငယ်ပေါင်း ၃,၀၀၀ ကျော်အား ကျောင်းပြင်ပနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးကို သင်ကြားပေးနေသည်။ MyME ၏ ရွေ့လျားစာသင်ခန်းများတွင် လာရောက်ပညာသင်ကြားကြသော ကလေးငယ်များအား ဆရာဆရာမများ၊ အရည်အသွေး ပြည့်မှီသော ပညာရေးစနစ်နှင့် သင်ထောက်ကူပစ္စည်းများအား လွယ်ကူစွာ ရရှိနိုင်စေရန် ပေးအပ်နေသည်။ ကလေးငယ်တိုင်းအား တစ်ပတ်တွင် ခြောက်နာရီကြာ သင်ခန်းစာများ သင်ကြားပေးနေသည့် အပြင် အခြေခံပညာ စာတတ်မြောက်မှု၊ သင်္ချာနှင့် ကွန်ပျူတာကျွမ်းကျင်မှုများအပြင် ငယ်ရွယ်သော ကျောင်းသားကျောင်းသူများအား အပြန်အလှန် လုပ်ဆောင်ရသည့် ညွန်ကြားပြသမှုများ မှတဆင့် ထိုးထွင်းစဉ်းစားနို်င်စွမ်း တိုးတက်လာစေရန်၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ပတ်သက်သော အခြေခံ ဗဟုသုတများနှင့် ကာကွယ်တားဆီးနိုင်သော ရောဂါများ အကြောင်း နားလည်သဘောပေါက်လာစေရန် အစရှိသည့် လူနေထိုင်မှုဘဝနှင့် သက်ဆိုင်သော ဗဟုသုတများကိုလည်း သင်ကြားပေးနေသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor