Press Release

ကလေးသူငယ်များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု မြင့်မားလာစေရန် တယ်လီနော လုပ်ငန်းစုနှင့် Plan International တို့ ပူးပေါင်းဆောင်ရွက်မည်။

26 September, 2018 - Yangon

  • ၃ နှစ်တာ ကြာမြင့်မည့် အဆိုပါပူးပေါင်းဆောင်ရွက်မှုအတွက် ငွေကြေး၊ ဒစ်ဂျစ်တယ်နှင့် မိုဘိုင်းနည်းပညာများ ထောက်ပံ့ ပေးသွားမည်။
  • ဤပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း နိုင်ငံတွင် အကျိုးသက်ရောက်မှုရှိမည်။

တယ်လီနောလုပ်ငန်းစုသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို တစ်သီးပုဂ္ဂလဆောင်ရွက်နေသည့် Plan International အဖွဲ့အစည်းနှင့် ၃ နှစ်ကြာမြင့်မည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခုအတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ပူးပေါင်းမှုကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် နယူးယော့ခ်မြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ကြေညာ ခဲ့ခြင်းဖြစ်ပြီး ဒစ်ဂျစ်တယ် အနာဂတ်အတွက် ကလေးသူငယ်များနှင့် လူငယ်များ၏ ကျွမ်းကျင်မှု မြင့်မားလာစေရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

“ကမ္ဘာ့အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ တယ်လီနောလုပ်ငန်းစုနဲ့ ကျွန်တော်တို့ Plan International နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ စတင်နေပြီ ဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ ကြေညာချင်ပါတယ်။ ဆင်းရဲနွမ်းပါး တဲ့ ကလေးသူငယ်တွေ ကြုံတွေ့နေရတဲ့ အဟန့်အတားတွေ၊ အတားအဆီးတွေကို ကျွန်တော်တို့ နည်းပညာ အသုံးပြု ဖယ်ရှားပေးနိုင်ဖို့ နှစ်ဦးနှစ်ဘက်ပူးပေါင်းကြိုးစားသွားမှာဖြစ်သလို အမျိုးသမီးငယ်တွေ ကြုံတွေ့ နေရတဲ့ ဒစ်ဂျစ်တယ် ပိုင်းဆိုင်ရာ ကွာဟမှုတွေကိုလည်း လျှော့ချပေးနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု Plan International ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Anne-Birgitte Albrectsen က ပြောကြားသည်။

ဤပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်သည် ဒစ်ဂျစ်တယ်နည်းပညာ၊ မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက် တို့ကို အသုံးပြု၍ မညီမျှမှုများအား လျှော့ချသွားနိုင်ရန် ဖြစ်ပြီး အဆိုပါ ရည်ရွယ်ချက်ပြီးမြောက်စေရန် တယ်လီနော၏ မိုဘိုင်းဆက်သွယ်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုများ၊ Plan International ၏ ဒေသတွင်း ကျွမ်းကျင်နားလည်မှုများ၊ ဆန်းသစ်သော ဖြေရှင်းချက်များအား အသုံးချ၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု၊ အတန်းပညာ မသင်ကြားရသော ကလေး သူငယ်များအတွက် ပညာရေးစနစ်၊ လူငယ်များအတွက် ပညာရေးကျွမ်းကျင်မှု သင်တန်းများ၊ ဒစ်ဂျစ်တယ် နည်းပညာ ကွာဟမှုများအား လျှော့ချပေးခြင်းနှင့် ကလေးသူငယ်များနှင့် လူငယ်များ အွန်လိုင်းအသုံးပြုရာတွင် ဘေးကင်းလုံခြုံမှု ရှိစေရန် အသိပညာပေးခြင်းအစရှိသော အနာဂတ်အတွက် လိုအပ်သည့်ကျွမ်းကျင်မှုများကို တည်ဆောက်ပေးခြင်းဖြင့် မညီမျှမှုများအား လျှော့ချသွားနိုင်ရန် အဓိကအလေးထားဆောင်ရွက်သွားမည် ဖြစ်သည်။ ဤသို့ ပူးပေါင်းဆောင်ရွက်မှု များအား ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မြန်မာ၊ ထိုင်း၊ နော်ဝေ၊ ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံများတွင် ပြုလုပ်သွားမည် ဖြစ်သည်။

တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း ၂ - ၃ ခုနှင့် ရေရှည်ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ ၂၀၁၄ ခုနှစ် တွင် ငါးနှစ်ကြာမြင့်မည့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်သဘောတူညီမှုတစ်ရပ်အား UNICEF နှင့် လက်မှတ် ရေးထိုးခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ်များ၏ရပိုင်ခွင့်များအား တိုးတက်စေရေးအတွက်ငွေကြေးထောက်ပံ့မှုများနှင့် မိုဘိုင်းနည်းပညာများအား ပေးအပ်သွားမည် ဖြစ်သည်။ ဤသဘောတူညီချက်တွင် ကလေးသူငယ်များနှင့် လူငယ်များ၏ရပိုင်ခွင့်များ အထူးသဖြင့် မိန်းကလေးများ တန်းတူညီမျှရှိရေးအစရှိသည့် ကိစ္စရပ်များကို ကူညီ လုပ်ဆောင်နိုင်ရန် ငွေကြေးထောက်ပံ့မှုများ၊ မိုဘိုင်းနည်းပညာ အသုံးချ ဖြေရှင်းချက်များ ပေးအပ်သွားမည် ဖြစ်သည်။ ပူးတွဲစီမံကိန်းများ အားလုံးသည် မညီမျှမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဒစ်ဂျစ်တယ်အနာဂတ်အတွက် လိုအပ်သော အရည်အသွေးများ၊ ကျွမ်းကျင်မှုများ ရရှိနိုင်စေရန် ကလေးသူငယ်များနှင့် လူငယ်များအား လေ့ကျင့် ပျိုးထောင်မှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်သို့ လျှောက်လှမ်းရမည့်လမ်းစဉ်တွင် လိုအပ်သော အခြေခံအုတ်မြစ်များအား တည်ဆောက်နိုင်စေရေး အထောက်အကူပြုမည့် စီမံကိန်းများကို ၎င်း၏ လူမှုအကျိုးပြု စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်လျက်ရှိသည်။ ၎င်း၏ အလင်းအိမ် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးရေး စင်တာများသည် လက်ရှိတွင် ကျောင်းသားကျောင်းသူပေါင်း ၁၃၀,၀၀၀ ကျော်အား စမတ်ဖုန်းနှင့်ကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းများ သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ ‘ဘေးကင်းသော အင်တာနက်’ အစီအစဉ်များမှတဆင့် အင်တာနက်အား အကျိုးရှိစွာနှင့် ဘေးကင်းစွာ မည်သို့ အသုံးပြုရမည်ဆိုသည့် အချက်များကို အစိုးရ ကျောင်းသားကျောင်းသူပေါင်း ၁၆၀,၀၀၀ ကျော်အား သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တယ်လီနော သည် မကြာသေးမီကလည်း နွေရာသီ ကျောင်းပိတ်ရက် ၃ လတာ ကာလအတွင်း ဒစ်ဂျစ်တယ် နည်းပညာသင်တန်း အပတ်စဉ် ၄ ခုအား အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ဒစ်ဂျစ်တယ် နည်းပညာများနှင့် အတူ အင်တာနက် အား ဘေးကင်းစွာ အသုံးပြုနိုင်မည့် အချက်များကို နိုင်ငံတဝန်းရှိ ကျောင်းသားကျောင်းသူပေါင်း ၂၅,၀၀၀ ကျော်အား သင်ကြားပေးနိုင်ခဲ့သည်။ စက်တင်ဘာလဆန်းပိုင်းကလည်း Myanmar Metropolitan College (MMC) နှင့် ပူးပေါင်း ကာ လူငယ် ၅ ဦးကို အမ်ဘီအေပညာသင်ဆုများ ပေးအပ်ခဲ့သည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor