Press Release

ကလေးငယ်များအကြား အခွင့်အလမ်းမညီမျှမှုများ လျှော့ချနိုင်ရန် ယူနီဆက်နှင့် တယ်လီနော လုပ်ငန်းစုတို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

08 February, 2019 - Yangon

  • တယ်လီနောလုပ်ငန်းစုသည် နောက်ထပ် ၃ နှစ်တာ ကာလအတွင်း နှစ်စဉ် နော်ဝေနိုင်ငံသုံး ငွေကြေးခရိုနာ ၄ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀) အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ကလေးငယ်များနှင့် လူငယ်များ၏ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုများအား ပိုမိုမြှင့်တင်ပေးနိုင်ရန်နှင့် မညီမျှမှုများအား လျော့ချနိုင်ရန် ရည်ရွယ်လုပ်ဆောင် နေသည့် ယူနီဆက်၏ ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းများကို ပံ့ပိုးကူညီသွားမည် ဖြစ်

ယူနီဆက်နှင့် တယ်လီနော လုပ်ငန်းစုတို့သည် ၎င်းတို့ ရေရှည် ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဖက်အစီအစဉ်များအား နောက်ထပ် ၃ နှစ် (၂၀၂၁ ခုနှစ်အထိ) ဆက်လက် လုပ်ဆောင်သွားရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကြေညာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည့် အဆိုပါမိတ်ဖက်အစီအစဉ်သည် ဒစ်ဂျစ်တယ်အနာဂတ်တည်ဆောက်ရာတွင် အလွန်အရေးပါသော ကလေးငယ်များနှင့် လူငယ်များ၏ ကျွမ်းကျင်မှုများအား ပိုမိုမြှင့်တင်ပေးနိုင်ရန်နှင့် မညီမျှမှုများအား လျှော့ချနိုင်ရန် ရည်ရွယ်၍ တယ်လီနော၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသုံးချကာ ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးကူညီနေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းတစ်ခု ဖြစ်သည်။

စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်ရှိ နိုင်ငံ ၈ ခုတွင် လုပ်ငန်းများလုပ်ဆောင်နေသည့် တယ်လီနော လုပ်ငန်းစု သည် ယူနီဆက်နှင့် ပူးပေါင်းကာ ဤကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဘဏ္ဍာရေးပိုင်း၊ နည်းပညာပိုင်းနှင့် အခြားသောပံ့ပိုးကူညီမှုများအား ကူညီထောက်ပံ့ပေးလျက်ရှိပြီး ယူနီဆက်၏ ကျွမ်းကျင်မှုများ၊ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသည့် ပံ့ပိုးကူညီမှုများနှင့် အဆိုပါ ကူညီထောက်ပံ့မှုပိုင်းဆိုင်ရာ မိတ်ဖက်အစီအစဉ် များ လုပ်ဆောင်နေသည့် နိုင်ငံများနှင့် သက်ဆိုင်သည့် အသိပညာများကို ထပ်ဆောင်းအားဖြည့် ကူညီလျက်ရှိသည်။ ဤသို့ နောက်ထပ် ၃ နှစ် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့သည့်အတွက် တယ်လီနောနှင့် ယူနီဆက်တို့သည် မွေးဖွားမှုဆိုင်ရာမှတ်ပုံတင်ခြင်းများအား ဒစ်ဂျစ်တယ်နည်းပညာ အသုံးချဆောင်ရွက်ခြင်း စီမံကိန်း နှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု တိုးမြှင့်ရေးအစီအစဉ်များအပါအဝင် လက်ရှိဆောင်ရွက်နေဆဲဖြစ်သည့် ယူနီဆက်၏ စီမံကိန်းများတွင် ဆက်လက်လက်တွဲသွားမည်ဖြစ်သည့်အပြင် တယ်လီနော၏ ကွန်ရက်များနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများအား အသုံးချ၍ ပံ့ပိုးကူညီနိုင်မည့် အခြားသော စီမံကိန်းအသစ်များကိုလည်း ထပ်မံ ရှာဖွေသွားမည် ဖြစ်သည်။

ဤ သဘောတူညီမှုအရ ကလေးသူငယ်များနှင့် လူငယ်များ၏ ရပိုင်ခွင့်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အတွက် ငွေကြေးအထောက်အပံ့များအပြင် ဒစ်ဂျစ်တယ်နှင့် မိုဘိုင်းနည်းပညာအသုံးပြု နည်းလမ်းများကိုလည်း တယ်လီနော က ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ဤမိတ်ဖက်အစီအစဉ်အရ တယ်လီနော လုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံအားလုံးတွင် စီမံကိန်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး တယ်လီနော လုပ်ငန်းစုသည် ဤအစီအစဉ်အတွက် နှစ်စဉ် နော်ဝေနိုင်ငံသုံး ငွေကြေး ခရိုနာ ၄ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀) ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်သည်။

ယူနီဆက်နှင့် တယ်လီနောလုပ်ငန်းစုမှ လက်တွဲလုပ်ဆောင်နေသည့် မိတ်ဖက်အစီအစဉ်၏ အထင်ကရမှတ်တိုင်များ တွင် ပါကစ္စတန်နိုင်ငံ၌ လူဦးရေ ၅၈၀,၀၀၀ ခန့်အား မွေးဖွားမှုဆိုင်ရာ မှတ်ပုံတင်ခြင်း အောင်မြင်စွာ ပြုလုပ်ပေး နိုင်ခဲ့သည့် လုပ်ဆောင်နေဆဲ စီမံကိန်းနှင့် မြန်မာနိုင်ငံတွင် ရှေ့ပြေးစီမံချက်အဖြစ် လုပ်ဆောင်နေဆဲဖြစ်သည့် အလားတူ စီမံကိန်းများလည်း ပါဝင်သည်။

“ဒီပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုက်တဲ့အတွက် တယ်လီနောလုပ်ငန်းစုရဲ့ စျေးကွက်တွေအတွင်းမှာရှိတဲ့ ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်ပြီး အာမခံချက်ရှိတဲ့ အနာဂတ်တစ်ခုကို ဖန်တီးပေးသွားနိုင်မှာ ဖြစ်လို့ အရမ်း ကို ဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံမှာ မွေးဖွားမှုနဲ့ သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းတွေကို မိုဘိုင်းနည်းပညာ အသုံးပြုဆောင်ရွက်ခြင်း ရှေ့ပြေးစီမံကိန်းတစ်ရပ်ကို မွန်ပြည်နယ်မှာ မနှစ်ကစတင်လုပ်ဆောင်ခဲ့ပြီး ဒီလုပ်ဆောင်ချက် ကနေတဆင့် e-government ရဲ့ တန်ဖိုးကို အများပြည်သူ ထိတွေ့ခံစားကြည့်နိုင်အောင် သရုပ်ဖော်ပြသနိုင်ခဲ့ပါ တယ်။ ဒီစီမံချက်အရ မွန်ပြည်နယ်အတွင်း မြို့နယ်အားလုံးက မြို့နယ်ကျန်းမာရေးအရာရှိတွေအနေနဲ့ မွေးဖွားခြင်း ဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေနဲ့ မွေးစာရင်းထုတ်ပေးခြင်းလုပ်ငန်းစဉ်တွေကို ဒစ်ဂျစ်တယ်မှတ်ပုံတင်စနစ် အသုံးပြုပြီး မှတ်တမ်းတင်နိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင်နယ်ပယ်အတွင်းက သက်ဆိုင်ရာ တာဝန်ရှိသူ တွေနဲ့ စဉ်ဆက်မပြတ် တိုင်ပင်ဆွေးနွေးမှုတွေလည်း ပြုလုပ်နေတဲ့အတွက် ဒီစီမံကိန်းဟာ များမကြာမီကာလ အတွင်း မှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ယူနီဆက်ဖ်မြန်မာနှင့် တယ်လီနောလုပ်ငန်းစုတို့သည် မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်း ပိုမိုကောင်းမွန်လာစေရန်နှင့် သတင်းအချက်အလက် လျှို့ဝှက်မှုနှင့်လုံခြုံမှု ပိုမို ကောင်းမွန်လာ စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံအစိုးရ၏ ထောက်ခံအားပေးမှုဖြင့် မိုဘိုင်းအသုံးပြု မွေး/သေစာရင်း မှတ်ပုံတင်ခြင်း ရှေ့ပြေးစီမံချက်အား မွန်ပြည်နယ်တွင် စတင်အကောင်အထည်ဖော်နိုင်ခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ် တစ်ပိုင်းအဖြစ် ရန်ပုံငွေထောက်ပံ့မှုအပြင် စီမံချက်၏ ဝက်ဘ်ဆိုက်အခြေပြု ပလက်ဖောင်းအတွက် အင်တာနက် ဒေတာများကို တယ်လီနောလုပ်ငန်းစုက အခမဲ့ပေးအပ်သွားမည် ဖြစ်သည့်အပြင် သားဖွားဆရာမများကိုလည်း သတင်းအချက်အလက်များ ရေးသွင်းခြင်းနှင့် ဒစ်ဂျစ်တယ်နည်းစနစ်များအား အသုံးပြုခြင်းတို့ကို သင်ကြားပြသ ပေးမည်ဖြစ်သည်။

တယ်လီနောသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင် ၁၀ (SDG10) ဖြစ်သည့် မညီမျှမှုများလျှော့ချရေးဆိုသည့် ရည်မှန်းချက် ပြည့်မီရန်အတွက် ရည်သန်လုပ်ဆောင်လျက် ရှိသည်။ ကုမ္ပဏီက ချမှတ်လုပ်ဆောင်ထားသည့် နည်းဗျူဟာများနှင့် ရည်ရွယ်ချက်များတွင်လည်း ယင်းအချက် ပေါ်လွင်နေပြီး တယ်လီနောသည် ယူနီဆက်ဖ်နှင့် ၎င်း၏ နိုင်ငံအလိုက်မိတ်ဖက်များအပါအဝင် အခြားသော ပြည်တွင်း ပြည်ပ ပူးပေါင်းဆောင်ရွက်မှုများမှတဆင့်လည်း လုပ်ဆောင်လျက်ရှိသည်။ ပိုမိုညီတူညီမျှရှိသော ပတ်ဝန်းကျင်ရှိခြင်း သည် ၎င်း၏ဝန်ဆောင်မှုများအား ရယူသုံးစွဲနေသူများနှင့် ၎င်း၏စီးပွားရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ အတွက်ပါ ပို၍ကောင်းမွန်သော အခြေအနေတစ်ခုကို ဖြစ်ပေါ်လာစေနိုင်သည်ဟု တယ်လီနောလုပ်ငန်းစုက ယုံကြည်ထားသည့် အလျောက် လူသားများ၏ နေ့စဉ်ဘဝများအား အမှန်တကယ်အကျိုးသက်ရောက်မှုရှိစေမည့် ဝန်ဆောင်မှုများ အား ပေးအပ်ကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာစေရန် ကူညီဆောင်ရွက်ခြင်းဖြင့် #SDG10 အား ပြည့်မီစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share