Press Release

ကမ္ဘာ့အပြောင်းအလဲများတွင် ပါဝင်လိုသော လူငယ်များကို တယ်လီနောဖိတ်ခေါ် ၆ ကြိမ်မြောက် တယ်လီနောလူငယ်ဖိုရမ်အတွက် စတင်လျှောက်ထားနိုင်ပြီ

16 May, 2018 - Yangon

  • ခြောက်ကြိမ်မြောက် တယ်လီနောလူငယ်ဖိုရမ်သည် အချိန်ပြည့် ပါဝင်ရမည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး ပါဝင်သူ များအနေဖြင့် လူ့အသိုက်အဝန်းတွင် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများရှိစေပြီး မညီမျှမှု များ လျော့ချနိုင်စေရေး ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုကာ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ 
  • ရွေးချယ်ခံရသည့်လူငယ် ၂ ဦးသည် အော်စလိုနှင့် ဘန်ကောက်မြို့များတွင် ကျင်းပပြုလုပ်သွားမည့်ဆွေးနွေးပွဲ များကို စရိတ်ငြိမ်းသွားရောက်ပါဝင်ခွင့်ရမည်ဖြစ်သည့်အပြင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် အော်စလိုမြို့၌ ကျင်းပပြုလုပ်မည့် နိုဘယ်ငြိမ်းချမ်းရေး ဆုချီးမြှင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။

နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်သွားမည့် တယ်လီနောလူငယ်ဖိုရမ် (TYF) တွင် ပါဝင်လိုသူ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူ လူငယ်များ စတင်လျှောက်ထားနိုင်နေပြီဖြစ်သည်။ လျှောက်ထားသူသည် အသက် ၂၀ မှ ၂၈ နှစ်အတွင်းရှိပြီး အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်ပိုင်နိုင်ရမည်ဖြစ်ကာ ပညာအရည်အချင်းအနေနှင့် တက္ကသိုလ်တက်ရောက်ဆဲ သို့မဟုတ် ပြီးဆုံးထားသူဖြစ်ရမည် ဖြစ်သည်။ လျှောက်လွှာများအား မေလ ၁၅ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း လက်ခံသွား မည်ဖြစ်သည်။
တယ်လီနောလူငယ်ဖိုရမ်သည် တယ်လီနောလုပ်ငန်းစုနှင့် နိုဘယ်ငြိမ်းချမ်းရေးစင်တာ (NPC) တို့ ပူးပေါင်းစီစဉ်သည့် ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုဖြစ်သည်။ စစ်မှန်သော ကမ္ဘာ့အပြောင်းအလဲများကို ဖော်ဆောင်ရန်နှင့် ဆန်းသစ် ခေတ်မီသော နည်းလမ်းများ အသုံးပြု၍ မညီမျှမှုများ လျော့နည်းသွားစေရန် လူငယ်များက ဒစ်ဂျစ်တယ်နည်းပညာများ ကို အသုံးပြုကာ စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ထားသည့်အတိုင်း ဤဖိုရမ်ကို စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခင်ကျင်းပပြီးစီးခဲ့သည့် TYF ဖိုရမ် ၅ ကြိမ်တွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင််ခဲ့သူ လူငယ် ၈ ဦးရှိခဲ့ပြီး ဖြစ်သည်။

“တယ်လီနော လူငယ်ဖိုရမ်က လူ့အဖွဲ့အစည်းအတွင်းမှာ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကို ဦးဆောင်ဖို့ စိတ်အားထက်သန်တဲ့ ထူးချွန်လူငယ်တွေကို မွေးထုတ်ပေးတဲ့အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ဒီလူငယ်တွေက သူတို့နေထိုင်နေတဲ့ ကမ္ဘာကြီးအတွက် အပြောင်းအလဲတွေ ဖန်တီးပေးချင်တဲ့ စိတ်ဆန္ဒတွေနဲ့အတူ စိတ်ကူးစိတ်သန်း ကောင်းတွေ၊ ကျွမ်းကျင်မှုတွေဟာ တယ်လီနောလူငယ်ဖိုရမ်မှာရရှိလာမယ့် အတွေ့အကြုံတွေကြောင့် ပိုမိုတောက်ပ လာမယ်လို့ မျှော်လင့်ပါတယ်။ တယ်လီနော အနေနဲ့ မြန်မာလူငယ်တွေကို ဒီဖိုရမ်တက်ရောက်ဖို့ တိုက်တွန်းလိုပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေမှာ တစ်ထောင့်တစ်နေရာကပါဝင်နိုင်ဖို့ ဒီဖိုရမ်ကို တက်ရောက်ပြီး အစွမ်းအစတွေ ထုတ်ပြကြနိုင်ဖို့ လျှောက်ထားကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။
တယ်လီနော လူငယ်ဖိုရမ်တက်ရောက်သူများသည် ဖိုရမ်နှင့်ပတ်သက်ပြီး တစ်နှစ်ကြာ အချိန်ပေးရန်လိုအပ်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အော်စလိုမြို့နှင့် ၂၀၁၉ ခုနှစ်၊ မေလတွင် ဘန်ကောက်မြို့များ၌ အသီးသီး ကျင်းပပြုလုပ် မည့် ဆွေးနွေးလုပ်ဆောင်မှုများအား စရိတ်ငြိမ်း သွားရောက်ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ တယ်လီနောလုပ်ငန်း လည်ပတ်ရာ နိုင်ငံအသီးသီးမှ ရွေးချယ်ခံရသည့် လူငယ်များအနေနှင့် အဆိုပါ TYF အစီအစဉ် တစ်လျှောက်လုံးတွင် ၎င်းတို့အတွက် သတ်မှတ်ထားသော အဖွဲ့ငယ်များတွင်ပါဝင်ကာ အခြားရွေးချယ်ခံရသူများနှင့်အတူ ပျှမ်းမျှ တစ်ပတ် လျှင် ၂ နာရီ ဝန်းကျင်ခန့် အွန်လိုင်းမှတဆင့် စုပေါင်းဆောင်ရွက်လုပ်ကိုင်ရမည် ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့ချင်းစီအတွက် ဒီဇင်ဘာလအတွင်း အော်စလိုမြို့တွင် အစီအစဉ် စတင်ကျင်းပချိန်၌ အဖွဲ့လိုက်ခေါင်းစဉ်များ သတ်မှတ်ပေးထားမည် ဖြစ်ပြီး အဆိုပါ လူမှုရေးစိန်ခေါ်မှုများအား ဖြေရှင်းပေးနိုင်မည့် ဒစ်ဂျစ်တယ်နည်းလမ်းများအား အဖွဲ့လိုက် ပူးပေါင်း အဖြေရှာ ဖော်ထုတ်ရမည် ဖြစ်သည်။
အစီအစဉ်တလျှောက်တွင် တယ်လီနောအုပ်စုမှ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက လူငယ်များကို ညွှန်ကြားသင်ပြ ပေးခြင်းများ ပြုလုပ်ပေး မည်ဖြစ်သည်။ TYF အစီအစဉ်တစ်ခုလုံးတွင် သင်ပြပေးသူများက လူငယ်များကို လက်တွေ့ လုပ်ငန်းဆောင်ရွက်ခြင်းမှ ရရှိသည့်အတွေ့အကြုံများကို မျှဝေပေးရုံသာမက service design၊ prototyping၊ presenting၊ exhibitingနှင့် pitching စသည့် လက်ရှိကမ္ဘာတွင် ကျင့်သုံးနေသည့် ပညာရပ်များကို သင်ကြားပြသ ပေးကြမည်ဖြစ်သည်။ 
၂၀၁၇ ခုနှစ် TYF တွင်ပါဝင်သည့် လူငယ်များသည် အော်စလိုမြို့တွင် ယမန်နှစ် ဒီဇင်ဘာလမှ စတင်ကာ ၄င်းတို့၏ အဖွဲ့လိုက်လှုပ်ရှားမှုများကို စတင်ခဲ့ပြီး တာဝန်ကျရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး ဒစ်ဂျစ်တယ်နည်းလမ်းများကို စတင်ဒီဇိုင်းရေးဆွဲနေပြီ ဖြစ်သည်။ ဤလူငယ်များသည် အွန်လိုင်း လုံခြုံရေး၊ ဒစ်ဂျစ်တယ်သက်သေခံ ID၊ လုပ်ငန်းခွင် အခြေအနေ ကောင်းမွန်ရေးနှင့် လူမှုပတ်ဝန်းကျင် ကောင်းမွန်ရေးတွက် big data ကို အသုံးပြုမှုစသည့် အကြောင်း အရာများကို ဖြေရှင်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အဖွဲ့ငယ်များသည် ၎င်းတို့၏လုပ်ငန်းစဉ်များ၏ ထက်ဝက်ပြီးစီး နေပြီဖြစ်၍ လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ရန် ယခုလတွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့ဆောင်ရွက်နေသည့် ပရောဂျက်များကို နိုဘယ်ငြိမ်းချမ်းရေးစင်တာတွင် ခင်းကျင်းပြသမည် ဖြစ်သည်။
တယ်လီနောလူငယ်ဖိုရမ် တစ်ခုပြီးဆုံးသည့်အခါတိုင်း အနိုင်ရရှိသည် အဖွဲ့ကို ရွေးချယ်သွားမည် ဖြစ်ပြီး ၎င်းတို့၏ စိတ်ကူးများကို အကောင်အထည်ဖော်နိုင်ရန် နော်ဝေး ငွေ ခရိုနာ ၁ သိန်း (ကန်ဒေါ်လာ ၁၅,၀၀၀) အား ရင်းနှီး မတည်ငွေအဖြစ် တယ်လီနောက ပေးအပ်သွားမည် ဖြစ်သည်။
TYF အကြောင်းကို ပိုမိုသိရှိလိုပါက www.telenor.com/youthforum/ တွင် ဝင်ရောက်လေ့လာကာ လျှောက်ထား နိုင်သည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor