Press Release

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစိန်ခေါ်မှုများအတွက် အဖြေရှာရန် တာဝန်များဖြင့် TYF ကိုယ်စားလှယ်များ ပြန်လည်ရောက်ရှိ

24 December, 2018 - Yangon

  • ဒီဇင်ဘာလ အစောပိုင်းက နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ကျင်းပခဲ့သည့် တယ်လီနောလူငယ်ဖိုရမ်အား မြန်မာနိုင်ငံမှ လူငယ်ကိုယ်စားလှယ် ၂ ဦး တက်ရောက်ခဲ့
  • ကမ္ဘာတဝန်း ကျန်းမာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြု၍ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးနှင့် ပိုမိုများပြားလာသော သက်ကြီးရွယ်အိုလူဦးရေအား ကူညီထောက်ပံ့ပေးနိုင် ရေး နည်းလမ်းများအား အသီးသီး ရှာဖွေကြရမည်ဖြစ်

ယခုနှစ် တယ်လီနောလူငယ်ဖိုရမ်၏ မြန်မာနိုင်ငံကိုယ်စားပြု လူငယ် ကိုယ်စားလှယ် ၂ ဦးသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းတွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပပြုလုပ် ခဲ့သည့် တယ်လီနောလူငယ်ဖိုရမ် စတင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ယခု မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။ တယ်လီနော လူငယ်ဖိုရမ်အား တယ်လီနောလုပ်ငန်းစုနှင့် နိုဘယ် ငြိမ်းချမ်းရေးစင်တာတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ယခုနှစ် ခြောက်ကြိမ်မြောက် ဖိုရမ်အား တယ်လီနောလုပ်ငန်းများ ရှိရာ နိုင်ငံပေါင်း ၈ နိုင်ငံမှ လူငယ်ကိုယ်စားလှယ်ပေါင်း ၁၆ ယောက်နှင့်အတူ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဖိုရမ်သို့ မြန်မာ နိုင်ငံ ကိုယ်စားပြု တက်ရောက်ရန်အတွက် လျှောက်ထားသူပေါင်း ၂၀၀ ကျော် အနက်မှ ကိုသီဟဇော်နှင့် နန်းယဉ်ယဉ်ဝင်းနွယ် တို့အား တယ်လီနောမြန်မာက ရွေးချယ်စေလွှတ်ခဲ့သည်။

ယခုနှစ် တယ်လီနောလူငယ်ဖိုရမ်တွင် ရွေးချယ်ခြင်းခံရသော လူငယ်ကိုယ်စားလှယ်များသည် ကမ္ဘာတဝန်းမှ ကျန်းမာရေးကဏ္ဍအတွင်း မညီမျှမှုများကို လျှော့ချနိုင်မည့် နည်းလမ်းများအား ရှာဖွေဖော်ထုတ်ရန်အတွက် အော်စလိုမြို့တွင် အတူတကွ လက်တွဲလုပ်ဆောင်ခဲ့ကြသည်။ အဆိုပါ စိန်ခေါ်မှုများမှာ စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားမှုလျော့ချရေးနှင့် ပိုမို များပြားလာသော သက်ကြီးရွယ်အို လူဦးရေအား ကူညီထောက်ပံ့ရေးတို့ဖြစ်သည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လူငယ်ကိုယ်စားလှယ် အဖွဲ့ ၄ ဖွဲ့သည် ၎င်းတို့၏ ကနဦး အဆိုပြုချက်များအား ယူနီဆက်ဖ်၊ SHE Community နှင့် တယ်လီနောလုပ်ငန်းစုများမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ဂျူရီအဖွဲ့ထံ ရှင်းလင်းတင်ပြခဲ့သည်။

“တယ်လီနော လူငယ်ဖိုရမ်ဟာ အရည်အချင်းအပြည့်ဝဆုံး၊ စိတ်အားထက်သန်မှုအရှိဆုံး လူငယ်တွေအနေနဲ့ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲရာမှာ ပါဝင်နိုင်ဖို့ဆိုတဲ့ သူတို့ရဲ့ အိပ်မက်တွေကို အမှန် တကယ် အကောင်အထည်ဖော်နိုင်မယ့် ကမ္ဘာလုံးဆိုင်ရာဖိုရမ်တစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် ကိုယ်စားလှယ် ၂ ဦး အနေနဲ့လည်း အခြားနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ အတူ ကမ္ဘာတဝန်းက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းဖို့ လုပ်ဆောင်တဲ့နေရာမှာ သူတို့ရဲ့ အရည်အချင်းတွေ၊ စိတ်အား ထက်သန်မှုတွေကို ပြသနိုင်ခဲ့တဲ့အတွက်အရမ်းကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ သူတို့တွေအားလုံးဟာ နည်းလမ်း တွေကို ရှာဖွေရာမှာ လိုအပ်တဲ့ အရင်းအမြစ်တွေ၊ ကျွမ်းကျင်မှုတွေအားလုံးကို ရရှိသွားနိုင်မှာဖြစ်ပါတယ်။ သီဟနဲ့ နန်းနဲ့ ၂ ဦးစလုံးအနေနဲ့လည်း ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့် ဒစ်ဂျစ်တယ်နည်းပညာတွေကို ရှာဖွေသွား နိုင်မယ် လို့ ကျွန်တော်ယုံကြည်ပြီး သူတို့ရဲ့ အဆိုပြုချက်တွေကို မြင်တွေ့ရဖို့ကိုလည်း အရမ်းကို စိတ်လှုပ်ရှား နေမိပါတယ်” ဟု တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ်ဖြစ်သူ Hans Martin Hoegh Henrichsen က ပြောကြားသည်။

မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ကိုယ်စားလှယ် တစ်ဦးဖြစ်သော နန်းယဉ်ယဉ်ဝင်းနွယ်သည် ဘင်္ဂလားဒေ့ရှ်၊ ဆွီဒင်နှင့် ပါကစ္စတန်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် နည်းလမ်းများအား ရှာဖွေရမည် ဖြစ်သည်။ ၎င်းတို့၏အဖွဲ့သည် ဝင်ငွေနည်းပါးသော သို့မဟုတ် ကျေးလက်ဒေသများရှိ အိမ်ထောင်စုများ အတွက် ရိုးရှင်းသော လုပ်ဆောင်ချက်များပါဝင်သည့် လက်ကိုင်ဖုန်းများမှတဆင့် မသန့်ရှင်းသော သောက်သုံးရေ ဆိုင်ရာ ပြဿနာများအား အကြောင်းကြားနိုင်မည့် နည်းလမ်းအား တင်ပြခဲ့သည်။ ထို့နောက်တွင် ဝင်ငွေမြင့်မားသော စမတ်ဖုန်းအသုံးပြုသူများသည် သန့်ရှင်းသော သောက်သုံးရေ မရရှိသော အိမ်ထောင်စုများထံသို့ အက်ပလီကေးရှင်း မှတဆင့် ဆက်သွယ်၍ လှူဒါန်းမှုများ ပြုလုပ်သွားနိုင်မည် ဖြစ်သည့်အပြင် ပိုမိုကောင်းမွန်သော ကူညီစောင့်ရှောက်မှု များ ပေးအပ်နိုင်မည့် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အာဏာပိုင်များနှင့်လည်း ချိတ်ဆက်ပေးသွားနိုင်မည် ဖြစ်သည်။

“၄ ရက်ကြာ တယ်လီနောလူငယ်ဖိုရမ် အလုပ်ရုံဆွေးနွေးပွဲက ရရှိခဲ့တဲ့ မမေ့နိုင်စရာ အတွေ့အကြုံတွေ၊ တန်ဖိုး ရှိလှတဲ့ ဗဟုသုတတွေဟာ ညီမအတွက် အရမ်းကို တန်ဖိုးရှိပါတယ်။ အရေးအကြီးဆုံး အတွေ့အကြုံ တစ်ခုကတော့ စိတ်အားထက်သန်မှုအပြည့်ရှိပြီး အရည်အချင်းပြည့်ဝတဲ့ နိုင်ငံတကာက အခြားကိုယ်စားလှယ်တွေနဲ့ အတူ တွေ့ဆုံခဲ့ရတာပဲ ဖြစ်ပြီး ဒီမိသားစုနဲ့ အတူလက်တွဲပြီး မညီမျှမှုတွေကို တိုက်ဖျက်သွားနိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်သွား ရမယ့် အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားမိပါတယ်” ဟု အသက် ၂၅ နှစ် အရွယ်ရှိ နန်းယဉ်ယဉ်ဝင်းနွယ် က ပြောကြားသည်။

အခြားသော မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် သီဟဇော်သည်လည်း ဒိန်းမတ်၊ နော်ဝေ နှင့် ထိုင်းနိုင်ငံများမှ လူငယ်ကိုယ်စားလှယ်များနှင့် လက်တွဲ၍ ပိုမိုများပြားလာသော ကမ္ဘာတဝန်းမှ သက်ကြီးရွယ်အို လူဦးရေအား ကူညီထောက်ပံ့ပေးနိုင်မည့် ဒစ်ဂျစ်တယ်နည်းလမ်းများအား ရှာဖွေသွားမည်ဖြစ်သည်။ အဆိုပါ သက်ကြီး ရွယ်အို လူဦးရေများ၏ ဘဝတစ်လျှောက်လုံးမှ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများအားအသုံးပြု၍ ငွေကြေး ရှာဖွေနိုင် မည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခုအား သီဟဇော်တို့အဖွဲ့က တင်ပြခဲ့သည်။ အဆိုပါ ပလက်ဖောင်းမှတဆင့် သက်ကြီးရွယ်အိုလူဦးရေအား ၎င်းတို့နေထိုင်ရာလူ့အဖွဲ့အစည်းများနှင့် တစ်သားတည်းဖြစ်စေရန် ကူညီလုပ်ဆောင် ပေးသွားမည် ဖြစ်ပြီး ၎င်းတို့၏ အသိအမှတ်ပြု မခံရသည့် ကျွမ်းကျင်မှုများနှင့် အသိပညာများအား ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ရှာဖွေရာတွင် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

“တယ်လီနောလူငယ်ဖိုရမ်မှာ ပါဝင်ခွင့်ရဖို့အတွက် လျှောက်ထားခဲ့တာဟာ ကျွန်တော့်ဘဝမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် တွေထဲက အကောင်းဆုံးတစ်ခု ဖြစ်ပြီး ဒီဖိုရမ်က ကျွန်တော့်အတွက် အများကြီး အကျိုးရှိစေပါတယ်။ သူငယ်ချင်း အသစ်တွေ အများကြီးနဲ့လည်း ကျွန်တော်ခင်မင်ခွင့်ရရှိပြီး အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားသူတွေနဲ့လည်း လက်တွဲ လုပ်ဆောင်ခွင့်၊ ပညာသင်ယူခွင့်တွေ ရရှိခဲ့ပါတယ်။ ဒီခရီးစဉ်မှာ တွေ့ကြုံခဲ့ရသမျှဟာ အံ့အားသင့်ဖွယ် ကောင်း လောက်အောင် ကောင်းမွန်လှပါတယ်။ ဒီပရောဂျက်အတွက် ကျွန်တော့်အဖွဲ့နဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့နဲ့ အကုန်လုံးနဲ့ ဘန်ကောက်မှာ အတူပြန်ဆုံဖို့ မစောင့်နိုင်တော့ပါဘူး” ဟု အသက် ၂၅ နှစ် အရွယ်ရှိ သီဟဇော်က ပြောကြားသည်။

အဆိုပါ အဖွဲ့ ၄ ဖွဲ့အား အစီအစဉ်တစ်လျှောက်လုံးတွင် အမှတ်ပေးသွားမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မေလတွင် ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သွားမည့် နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် အနိုင်ရရှိသည့် အဖွဲ့ကို ၎င်းတို့ ဖန်တီး ထားသော နည်းလမ်းများ၊ ဖြေရှင်းချက်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နော်ဝေ နိုင်ငံသုံး ငွေကြေး ခရိုနာ ၁ သိန်းအား ပေးအပ်သွားမည် ဖြစ်သည်။ ထို့နောက်တွင် အဖွဲ့ ၄ ဖွဲ့အလိုက် သတ်မှတ် ပေးထားသည့် စိန်ခေါ်မှုများ၊ အဆိုပါ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် လုပ်ကိုင်ဆောင်ရွက်ခဲ့မှုများနှင့် နောက်ဆုံး အဆင့် အတွေးအခေါ်များ၊ ဖန်တီးမှုများအား တယ်လီနော လူငယ်ဖိုရမ်နှင့် နိုဘယ်ငြိမ်းချမ်းရေးစင်တာတို့ ပူးပေါင်း ဆောင်ရွက်သည့် ဒစ်ဂျစ်တယ်နည်းပညာပြပွဲတွင် ထည့်သွင်းပြသသွားမည် ဖြစ်သည်။

တယ်လီနောလူငယ်ဖိုရမ်အကြောင်း

တယ်လီနောလူငယ်ဖိုရမ်သည် မညီမျှမှုများအား လျှော့ချရာတွင် ငယ်ရွယ်တက်ကြွသော၊ တီထွင်နိုင်စွမ်းရှိသော လူငယ်များ၏ အကြံဉာဏ်များကို ရယူအသုံးချနိုင်ရန် ဖန်တီးပေးထားသော နိုင်ငံတကာစင်မြင့်တစ်ခုဖြစ်သည်။ ထို့အပြင် ဤဖိုရမ်သည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များ (Sustainable Development Goals) နှင့်ဆက်စပ်နေသည့် ကမ္ဘာလုံးဆိုင်ရာ လူမှုစိန်ခေါ်မှု ပြဿနာများကို ဖြေရှင်းရန်အတွက် စကင်ဒီနေးဗီးယန်းနှင့် အာရှတိုက်ရှိ တယ်လီနော၏ စျေးကွက် ၈ ခုမှ လူငယ်ခေါင်းဆောင်များအား အတူတကွ စုစည်းပေးသော ဖိုရမ်တစ်ခုလည်း ဖြစ်သည်။ တယ်လီနော လူငယ်ဖိုရမ်၏ ၆ လတာ ကြာမြင့်ချိန်အတွင်း ရွေးချယ်ခံရ သော လူငယ်များသည် အော်စလိုနှင့် ဘန်ကောက်မြို့များတွင် နှစ်ကြိမ်စုစည်းတွေ့ဆုံရမည်ဖြစ်သည့်အပြင် ကမ္ဘာကြီး တိုးတက်ရေးအတွက် လူတိုင်းအနေဖြင့် စတင်ပါဝင်ကာ ပြောင်းလဲစေနိုင်ရန် တွန်းအားပေးသော အစီအစဉ်တစ်ရပ် ဖြစ်သည့် We Start Change (ကျွန်တော်တို့ စတင်ပြောင်းလဲရအောင်) အမည်ရပြပွဲ အစရှိသည့် အစီအစဉ်များတွင် လည်း ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။ ဤ တယ်လီနောလူငယ်ဖိုရမ်အား နိုဘယ်ငြိမ်းချမ်းရေးစင်တာ (NPC) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

တယ်လီနောလူငယ်ဖိုရမ်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် ၂ ဦး၏ အကြောင်းအား ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share